မြန်မာတို့နှင့်အလွဲများ

မြန်မာသည် မဟုတ်တာကို အလွန်ကြွားဝါချင်လှ၏ ။ ရေခဲသေတ္တာ ကို ဧည့်ခန်းတွင်ထားခဲ့ကြသည် ၊ အ၀တ်လျှော်စက်ကို အိမ်ရှေ့တွင်လူမြင်အောင်ပြ၏ (ထားစရာနေရာမရှိသဖြင့်ထားရခြင်းကို မဆိုလို ) ၊

မှန်ဗီရို ၇ှိုးကေ့စ်ကိုဧည့်ခန်းတွင်ထားကာ ထို မှန်ဗီရို ထဲတွင် လက်ဘက်ရည် ပန်းကန် ( Tea Set ) များကို အလှထည့်ထားကြသည်မှာ လူ ၅၀ ခန့်ကို လက်ဖက်ရည်တိုက်၍ ရသည် ။

သို့သော် ထို Tea Set များကိုအပြင်ထုတ်၍ အသုံးပြုတာတော့ တစ်ခါမှမမြင်ဖူးချေ ။

တခါကရွာတရွာတွင် ရေရှားပါးသဖြင့် နိုင်ငံခြားသားအလှူရှင် များကိုထိုရွာသို့ခေါ်သွားဖူးသည် ။ နိုင်ငံခြားသားများသည် သူတို့နိုင်ငံတွင်သိပ်ပြီးချမ်းသာကြသူများမဟုတ် ။ စေတနာထက်သန်သောကြောင့် ငွေကြေးများစုပေါင်းကောက်ခံပြီး စက်ရေတွင်းတူးရန်လာလှူကြခြင်းဖြစ်သည် ။

တရွာလုံး ၀မ်းသာအားရ အလှူရှင်တွေ နှင့် နှုတ်ဆက်ကြ ၊ဓာတ်ပုံရိုက်ကြသည် ။ညကျတော့ ဆိုင်းသံ ဗုံသံတွေကြားရသဖြင့် နိုင်ငံခြားသားများကသွားကြည့်ကြသည် ။ ဘာအခမ်းအနားလဲဟုမေးကြည့်ရာ ရွာ ကစုပေါင်းပြီးဌားထားသော အငြိမ့် ဖြစ်နေသည် ။

စုပေါင်းရှင်ပြုပွဲတခုအတွက် အောင်ပွဲကျင်းပကြခြင်းဖြစ်ပါသတဲ့ ။ အငြိမ့်ငှားခကိုတော့ရွာသားများစုပေါင်းထည့်ကြသည် ။ အငြိမ့်ငှားရမ်းခစျေးနှုန်းကိုမေးကြည့်ရာ စက်ရေတွင်းတူးခ အပြီးအစီးစျေးနှုန်း လောက်ပင်ဖြစ်နေ၏ ။ နိုင်ငံခြားသားအလှူရှင်များမှာ အံ့သြလွန်းသဖြင့် ခေါင်းတခါခါ လည်တခါခါဖြစ်ကုန်ကြသည် ။

ရေတွင်းတူးဖို့ လှူမည့်အလှူရှင်မပေါ်သော် လည်း တရွာလုံးမှာ တိုက်ခံအိမ်တွေ အများကြီးရှိသည် ၊ စကိုင်းနက် ရုပ်သံစလောင်းများကိုလည်း အိမ်တော်တော်များများတွင်တွေ့ခဲ့ရသည် ။

နိုင်ငံခြားသား စက်ရေတွင်းအလှူရှင်များမှာ အိုးကမပူ ၊ စလောင်းကပူသလို ဖြစ်နေကြသည် ။ငပိသည်က အိပ်နေပြီး ဆားသည်က ယင်မောင်းနေရသလိုဖြစ်နေသည် ။ မြန်မာတို့က အပေါ်ယံတွေမှာ တလွဲဆံပင်ကောင်းကြသည် ။

မြွေကိုက်၍မကြာခနလူသေသောရွာတွင် မြွေဆိပ်ဖြေဆေး ရေခဲသေတ္တာထဲမှာ အသင့်ထည့်ဆောင်ထားကြဖို့ မည်သူမျှစိတ်မ၀င်စားကြချေ။

ပြောရလျှင် မြန်မာတို့သည်အပေါ်ယံကြော ကိုအတော်အလေးထားသော လူမျိုးဖြစ်သည် ။သာသနာ့ဘောင်၀င်ဖို့ ရှင်ပြုတာပင် ဆယ်ပါးသီလ၊သင်္ကန်းတောင်း၊ရှင့်ကျင့်၀တ်စသည်တို့ရဖို့မရဖို့ထက် ၊၀န်းခင်းဖို့ ၊ ဆင်နှင့်ရှင်လောင်းလှည့်ဖို့၊ နာမည်ကြီးအငြိမ့် ထည့်ဖို့ပို၍အားသန်ကြသောလူမျိုးဖြစ်သည် ။

အ၀တ်အစား၀တ်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်ဖို့ ၊ ရာသီဥတုနှင့်လိုက်ဖက်ဖို့၊ မိမိသွားသော အခမ်းအနားနှင့်လျော်ညီဖို့ဆိုတာထက် ဝါဖို့ကြွားဖို့ကို အဓိကထားကြသည် ။

အလှူလူပ်ရာတွင် လိုအပ်နေသော နေရာကို ထိထိရောက်ရောက်လှူဒါန်းဖို့ထက် မုခ်ဦးကြီးများတွင်ကမ္ဗည်းထိုးပြီးနာမည်ကြီးဟိန်းနေအောင်မြင်ရသောနေရာတွင်လှူချင်ကြသည် ။

Crd မူရင်းရေးသားသူအားခရစ်တစ်ပါ။

လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်။ပြန်လည်မျှဝေပေးပါသည်။

By lulin

Leave a Reply

Your email address will not be published. Required fields are marked *